Friday, September 20th 2024

စစ်တွေက ကျေးရွာ ၁၂ ရွာကို လူသားဒိုင်းအဖြစ် စစ်တွေမြို့ထဲကို စစ်ကောင်စီက ပြောင်းရွှေ့ခိုင်းထား



နိရဉ္စရာ၊ ဇွန် ၁၃/ ၂၀၂၄

 စစ်ကောင်စီအစိုးရရုံးစိုက်တဲ့ မြို့တော်စစ်တွေမြို့နယ်မှာ ကျေးရွာ ၁၂ ရွာက ဒေသခံပြည်သူတွေကို စစ်ကောင်စီက အတင်းအဓမ္မနှင်ထုတ်ပြီး စစ်တွေမြို့ထဲကို ပြောင်းခိုင်းနေတယ်လို့ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနဲ့ လူငယ်များ အစည်းအရုံး (AASYC) က ဇွန် ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကျေးရွာသားတွေကို အခုလို နှင်ထုတ်ပြီး စစ်တွေမြို့ထဲကို ပြောင်းခိုင်းတာဟာ တိုက်ပွဲဖြစ်လာရင် လူသားဒိုင်းကာ အဖြစ် အသုံးပြုဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့ သုံးသပ် ပြောဆိုမှုတွေလည်း ထွက်ပေါ်နေပါတယ်။
ဒီကျေးရွာတွေ အတွင်းက  နေအိမ်တွေအားလုံးကို စစ်ကောင်စီက ဖြိုဖျက်ဖို့ စီစဉ်နေတယ်လို့လည်း  သိရပါတယ်။

ပြောင်းရွေ့ဖို့ ဖိအားပေးခံထားရတဲ့ ကျေးရွာတွေကတော့ ပလ္လင်ပြင်၊ အောင်ဒိုင်၊ ကျက်တောပြင်၊ ကြွီတဲပိုက်ဆိပ်ကြီး၊ ကြွီတဲပိုက်ဆိပ်ချေ၊ ကြွီတဲကျေး၊ အုန်းရေဖော်၊ ရေချမ်းပြင်၊ ပျားလယ်ချောင်း (ရွာသစ်)/(ရွာဟောင်း)၊ သင်းပုန်းတန်း၊ မောင်နီပြင် စတဲ့ ကျေးရွာတွေဖြစ်ပါတယ်။

အဲဒီကျေးရွာတွေကို ဇွန်လ ၁၀ ရက်ကနေ ၁၄ ရက်နေ့ ၅ ရက်အတွင်း မိမိအစီအစဉ်နဲ့ နေအိမ်တွေကို ဖြိုဖျက်ပြီး စစ်တွေမြို့ထဲကို လာရမယ်ဖြစ်ကြောင်းနဲ့ နေအိမ်တွေကို မိမိအစီအစဉ်နဲ့ မဖြိုဖျက်ရင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဖြိုဖျက်ဆီးသွားမယ်လို့လည်း AASYC ထုတ်ပြန်ချက်က ဆိုပါတယ်။

ဗျိုင်းဖြူရွာအဖြစ်မျိုး မဖြစ်ပွားစေဖို့အတွက် အဲဒီရွာ ၁၂ ရွာက ပြည်သူတွေကို စစ်တွေမြို့ထဲကို အမြန်ဆုံးပြောင်းရွှေ့နိုင်ဖို့ ရခိုင်ပြည်စစ်ကောင်စီဝန်ကြီးချုပ် ဦးထိန်လင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ညွှန်ကြားခဲ့ပြီး၊ ၆ ရက်မြောက်နေ့မှာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့က ကျေးရွာသားတွေ ကားတွေနဲ့ ခေါ်ယူဖို့ကိုလည်း ညွှန်ကြားထားတယ်လို့သိရပါတယ်။