Tuesday, September 17th 2024

မနော်သီရိကျေးရွာသား ၂ ယောက်ကို ဖမ်းဆီးပြီး ရွာကို AA မီးရှို့တာလို့ လိမ်လည်သတင်းထုတ်ပြန်



မြန်မာစစ်ကောင်စီက ရခိုင်လူမျိုးနှစ်ယောက်ကို ရက္ခိုင့်တပ်တော် အေအေ အမာခံလို့ စွပ်စွဲဖမ်းဆီးပြီး မနော်သီရိကျေးရွာကို ရက္ခိုင့်တပ်တော်(အေအေ)က မီးရှို့ခိုင်းတယ်လို့ဆိုပြီးတော့ ရုပ်သံဖိုင်တစ်ခုကို ပြည်နယ်စစ်ကောင်စီ ဝါဒဖြန့်သတင်းတွေကို ဖော်ပြနေတဲ့ ရခိုင်နေ့စဉ်က ဒီဇင်ဘာ ၆ ရက်နေ့က လိမ်လည် ထုတ်ပြန်ထားပါတယ်။

ရခိုင်နေ့စဉ်ရဲ့ထုတ်ပြန်ချက်မှာ " AA သောင်းကျန်းသူအဖွဲ့က မနော်သီရိရွာကို မီးရှို့ခိုင်းထားတဲ့ AA သောင်းကျန်းသူ အမာခံ မောင်ထွန်းကျော်လင်းနဲ့ ဦးဘထွန်းတို့ရဲ့ ထွက်ဆိုချက်" ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်တာဗျူးရုပ်သံကို ထုတ်ပြန်ထားတာပါ။

ဒ့ါအပြင် သူတို့ နှစ်ယောက်ကို ရွာကိုမီးရှို့နေတဲ့အချိန်အတွင်းမှာ စစ်တပ်က သူတို့ကို ဖမ်းဆီးသွားတာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူတို့ နှစ်ယောက်ကို စစ်တပ်ကိုမြင်ရင် အကြောင်းကြားဖို့ အေအေအဖွဲ့က ခိုင်းထားပြီးတော့ ရွာထဲကိုဝင်တဲ့အချိန်မှာ သူတို့ နှစ်ယောက်ကို မီးရှို့ခိုင်းပြီ စစ်တပ်က မီးရှို့တယ်လို့ အထင်လွဲအောင်ပြောဖို့ အေအေက ခိုင်းထားတယ်ဆိုပြီး‌တော့ အင်တာဗျူး မေးမြန်းကာ ဖော်ပြထားပါတယ်။

ဒါပေမဲ့လည်း အဲဒီမနော်သီရိကျေးရွာ မီးလောင်မှုဟာ စစ်ကောင်စီနေဗီက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်သည့်အပြင် စစ်ကောင်စီတပ်သားတွေ ရွာထဲကို ဝင်ရောက်လာပြီးတော့ မီးဝင်ရှို့တာကြောင့်ဖြစ်တယ်လို့ ကိုယ်တိုင်မြင်ခဲ့ရတဲ့ မျက်မြင်ကျေးရွာသားတွေက သတင်းဌာနတွေကို ဖြေဆိုထားပါတယ်။

မနော်သီရိကျေးရွာဟာ ဒီဇင်ဘာလ ၅ ရက်နေ့က မီးရှို့ခံခဲ့ရတာဖြစ်ပြီး ဒေသခံ အမျိုးသမီးတစ်ယောက် ဒဏ်ရာရရှိသွားပြီးတော့ လူနေအိမ် (၁၁) လုံးလည်း မီးလောင်ပြာကျသွားခဲ့ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပုဏ္ဏားကျွန်းမြို့နယ်က ကျေးရွာ ၂ ရွာကို မီးရှို့တာရှိခဲ့ပြီး ပုဏ္ဏားကျွန်းမြို့မ စျေးကြီးက စျေးဆိုင်ခန်း ၃၀၀ လောက်ဟာလည်း စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် မီးလောင်ခဲ့ရပါသေးတယ်။

ဒါ့အပြင် ပေါက်တောမြို့ကိုလည်း စစ်ကောင်စီဟာ ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတာ၊ နေဗီတွေနဲ့ စစ်တပ်တပ်ရင်းတွေက လက်နက်ကြီး ပစ်ခတ်တာတွေကြောင့် နေ့တိုင်းဆိုသလို မီးလောင်ကျွမ်းမှုတွေရှိနေပြီး မြို့၏ ၇၀ ရာခိုင်နှုန်းလောက်ဟာ မီးလောင်ပျက်စီးသွားပြီဖြစ်တယ်လို့လည်း သိရပါတယ်။
------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews