Tuesday, September 17th 2024

ပေါက်တောမြို့ မကျရောက်စေဖို့ စစ်ကောင်စီက ကြည်း၊ရေ၊ လေ သုံးဖွဲ့ပေါင်းပြီး ခုခံကာကွယ် တိုက်ခိုက်နေ



ပေါက်တောမြို့ကို ရက္ခိုင့်တပ်တော် (AA)လက်ထဲ မကျရောက်စေဖို့အတွက် စစ်ကောင်စီက ကြည်း၊ရေ၊ လေ သုံးဖွဲ့ပေါင်းပြီး အကြီးအကျယ် ခုခံကာကွယ် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်၊ ညမှာ ရက္ခိုင့်တပ်တော်က ပေါက်တောမြို့မရဲစခန်းကို သိမ်းပိုက်လိုက်ပြီလို့သတင်းတွေထွက်ခဲ့ပြီးတဲ့နောက် နောက်တစ်နေ့မှာ စစ်ကောင်စီက ရဟတ်ယာဉ်တွေ အပါအဝင် ရေတပ်နေဗီတွေနဲ့ ပေါက်တောမြို့ပေါ်ကို အဆက်မပြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့မှာ စစ်ကောင်စီက ရွှေပြည်တန် ရေယာဉ်နဲ့ စစ်သား ၁၀၀လောက်နဲ့ ရဲသား အယောက် ၆၀ လောက်ကို ပေါက်တောကို ပို့ဆောင်ပြီး လောကထိပ်ပန်ဘုရားနဲ့ မြို့မရဲစခန်းတို့တွင် ပြန်လည်နေရာယူပြီး မြို့ခံလူထု ရာနဲ့ချီကို ဖမ်းဆီးပြီးတော့ လူသားဒိုင်းကာ အဖြစ် အသုံးပြုဖို့ ထိန်းသိမ်းထားခဲ့ပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့မှာတော့ ရက္ခိုင့်တပ်တော်(AA)က ပေါက်တောမြို့ထဲက လောကထိပ်ပန်ဘုရားရင်ပြင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် စစ်ကောင်စီတပ်ဟာ အကျအဆုံးအများအပြားနဲ့ ပေါက်တောမြို့ ရဲစခန်းကို ဆုတ်ခွာသွားခဲ့ရပါတယ်။

အဲဒီတိုက်ပွဲအတွင်း လူပေါင်း(၁၀၀) နီးပါးကို အေအေက ကယ်ထုတ်နိုင်ခဲ့သလို နိုဝင်ဘာ ၂၂ ရက်ကလည်း ကျန်ရှိနေသေးတဲ့ လူသားဒိုင်းကာအဖြစ် ပြန်ပေးဆွဲခံထားရတဲ့ ပေါက်တောမြို့သူ မြို့သားတွေနဲ့ နေအိမ်တချို့မှာ ပုန်းခိုနေကြတဲ့ မြို့ခံ စုစုပေါင်း ၁၀၄ ယောက်ကို ဒုတိယအကြိမ် ကယ်ထုတ်နိုင်ခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့နဲ့ ၂၅ ရက်နေ့ကဆိုရင် စစ်ကောင်စီက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ပေါက်တောမြို့ထဲမှာ မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

နိုဝင်ဘာ ၂၆ ရက်နေ့ ညနေပိုင်းမှာဆိုရင် စစ်ကောင်စီက ပေါက်တောမြို့ကို ဒရုန်းဗုံးနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် ထိခိုက် ဒဏ်ရာရရှိခဲ့သူတွေလည်းရှိခဲ့ပါတယ်။

အဲဒီနေ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာပဲ စစ်ကောင်စီ ကမ်းထိုးရေယာဉ် တစ်စီးနဲ့ ပေါက်တောမြို့ပေါ်ကို စစ်ကူ ၁၀၀ လောက် လာပို့ပေမယ့်လည်း ရက္ခိုင့်တပ်တော်က ကမ်းပေါ်က ဆီးကြိုတိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့် အကျအဆုံးတွေနဲ့ ကမ်းမကပ်နိုင်ဘဲ ပြန်လှည့်သွားရတယ်လို့ ပေါက်တောမြို့ ဒေသခံ တစ်ဦးကပြောကြားသည်။

ပေါက်တောမြို့မှာကျန်ရှိနေသေးတဲ့ ဒေသခံတွေကို အေအက ဆက်လက်ကယ်ထုတ်လို့ရှိနေပြီး စစ်ကောင်စီကလည်း ကြည်း၊ ‌ရေ၊ လေ ထိုးစစ်တွေအပြင် စစ်တွေဘက်ကလည်း လက်နက်ကြီး ပစ်ကူတွေနဲ့ ခုခံတိုက်ခိုက်လို့ရှိနေပါတယ်။

------------
ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ အကူအညီတွေကို အထူးလိုအပ်နေပါတယ်။ ဒါကြောင့် အခု https://donorbox.org/narinjara-news လင့်မှာ လူကြီးမင်းတို့ရဲ့ ကူညီထောက်ပံ့မှုအတွက် ကျေးဇူးအထူးတင်ပါတယ်။_______________________________________________________________
နိရဉ္စရာသတင်းဌာနမှ ထုတ်လွှင့်နေသော စာသတင်း၊ ရုပ်သံ၊ ရေဒီယို သတင်းများကို အောက်ဖော်ပြပါ ပလက်ဖောင်းတွေမှာလည်း ဝင်ရောက် ဖတ်ရှု၊ နားဆင်နိုင်ပါတယ်။

🌐 Website
https://burmese.narinjara.com/

🌐 Twitter -
https://twitter.com/narinjaran?lang=en

🌐 Facebook -
မြန်မာစာသတင်း
https://www.facebook.com/narinjara.info/

🌐 Facebook -
အင်္ဂလိပ်စာသတင်း
https://www.facebook.com/Narinjaraenglish

🌐 Telegram -
https://t.me/narinjaranews

🌐 VK Link -
https://vk.com/narinjaranews