စစ်တွေမြို့ ရက္ခပူရသာမဏေကျော်စာမေးပွဲမှ စာဖြေပြီး၍ ပြန်လာကြသော သံဃာတော်များ ပြည်မြို့တွင်တားဆီး စစ်ဆေးခံနေရ

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၆

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရက္ခပူရသာမဏေကျော်စာမေးပွဲမှ စာဖြေပြီး ရန်ကုန်သို့ ကားများဖြင့် ပြန်လာကြသော သံဃာတော်များအား ပြည်မြို့တွင် တားဆီးပြီး စစ်ဆေးနေကြောင်း သတင်းရရှိသည်။

တောင်ဥက္ကလာပ ဇေတ၀န် အောင်စံစာသင်တိုက်မှ ဆရာတော်ဇာဂရ လင်္ကာရက “ ဟုတ်ပါတယ်။ အခုအချိန်ထိ ပြည်မြို့မှာ စစ်ဆေးခံနေရပါတယ်။ စစ်တွေမြို့မှာ ကျင်းပခဲ့တဲ့ ရက္ခပူရသာမဏေကျော်စာမေးပွဲမှ စာဖြေပြီး ရန်ကုန်အပြန်မှာ ခုလို တားဆီးစစ်ဆေးခံနေကြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြန်လာသော သံဃာတော်များမှာ ကား ၈ စီးဖြင့် ပြန်လာကြခြင်း ဖြစ်ပြီး ရဟန်း ၂၀၀ ကျော်ခန့်ရှိမည်ခန့်မှန်းရကာ ဥသျစ်ပင်ဂိတ် ရပ်တန့်စေကာ ၁ နာရီကျော်စစ်ဆေးခဲ့ပြီး တစ်ဖန် ပြည်ဂိတ်၌ ယခုအချိန်ထိ စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်ဟု ယနေ့နံနက် ၁၀ ကျော်က ဆရာတော်က နိရဉ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

လက်ရှိ နိရဉ္စရာမှ စုံစမ်း သိရှိရသည်မှာ ၎င်းသံဃာတော်များအား ပြည်မြို့ ဇောတကာရုံကျောင်းတိုက်သို့ ခေါ်ယူပြီး မှတ်ပုံတင်များ၊ သံဃာတော်များ၏ သာသနာဝင်ကဒ်ပြားများအား စစ်ဆေးနေကြောင်း၊ စစ်ဆေးရာတွင်လည်း ရက္ခိုင့်တပ်မတော် (AA) နှင့် ဆက်စပ်မှု ရှိ မရှိ စစ်ဆေးမေးမြန်းနေသည်ဟု သိရသည်။

ယခုလောလောဆယ်တွင် ဖြေရှင်းနေရသဖြင့် အကြောင်းစုံကို ပြော၍ မရသေးကြောင်း သံဃာတော် တစ်ပါးက ပြောဆိုသည်။

စတုတ္ထအကြိမ် ရက္ခပူရသာသနာလင်္ကာရ(သာမဏေကျော်)စာမေးပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့ လောကနန္ဒာစေတီတော်ဝင်းရှိ သာသနာ့ဗိမာန်တော်၌ ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်နေ့ထိ ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းမှ ရဟန်းသာမဏေများ အတန်းအသီးသီးသို့ ဝင်ရောက်ဖြေဆိုခဲ့ကြသည်ဟု သိရသည်။

ဖြေဆိုသော ရဟန်းသာမဏေမှာ စုစုပေါင်း(၅၅၃)ပါး ရှိပြီး တတိယဆင့် ၂၉ ပါး၊ ဒုတိယဆင့် ၁၇၉ ပါး၊ ပထမဆင့် ၂၆၇ ပါး၊ ဥပစာတန်း ၂၁ ပါး၊ မူလတန်း ၅၇ ပါး ဖြစ်ကြသည်ဟု သိရှိရသည်။

ထိုအထဲမှ စာဖြေပြီး၍ ရန်ကုန်သို့ ပြန်လာကြသည့် သံဃာတော်များ ပြည်မြို့တွင် တားဆီး စစ်ဆေးခံနေကြရခြင်း ဖြစ်ကြောင်း သိရသည်။

နိရဉ္စရာသတင်းဌာနမှ ပြည်မြို့ရဲတပ်ဖွဲ့သို့ မေးမြန်း၍ မရသဖြင့် အာဏာပိုင်များ၏ ပြောကြားချက်ကို တင်ပြနိုင်ခြင်း မရှိသေးပါ။

(ဓာတ်ပုံ- Facebook)

ဒေါက်တာအေးမောင်တို့အား ယနေ့ရုံးထုတ်ရာတွင် လုံခြုံရေးတင်းကျပ်ပြီး ကန့်သတ်ပိတ်ပင်မှုများရှိခဲ့

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဖေဖော်ဝါရီ ၁၅

အမ်းမြို့နယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်တို့အား ယနေ့ရုံးထုတ်ရာတွင် လုံခြုံရေးတင်းကျပ်ခဲ့ပြီး မီဒီယာများနှင့် ပြောဆိုခွင့်ကိုလည်း ကန့်သတ်ခဲ့သလို ပန်းစည်းများပေးခြင်းကိုလည်း မပြုလုပ်ရန် တားမြစ်ခဲ့ဟု သိရသည်။

လုံခြုံရေးအရဟုဆိုကာ မီဒီယာများနှင့် စကားပြောဆိုခွင့်ကို ရဲတာဝန်ရှိသူများက တားမြစ်ခဲ့သည်ဟု ဒေါက်တာအေးမောင်က ပြောသည်။

“စကားပြောတယ်ဆိုတာက ငြိမ်းချမ်းစေချင်လို့ပြောတာ။ ပြေလည်စေချင်လို့ပြောတာ။ အဲဒါကို အတင်းလုပ်တယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောရင် ကရင်နီပြည်နယ်မှာ ဘာဖြစ်သွားလဲ။ သင်ခန်းစာယူပါ။”ဟု ဒေါက်တာအေးမောင်က မီဒီယာများကို ပြောဆိုခဲ့သည်။

ယင်းအပြင် ဒေါက်တာအေးမောင်တို့၏ရုံးချိန်းတိုင်းတွင် လာရောက်ပန်းစည်းဆက်သူများကိုလည်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက တားမြစ်မှုများရှိခဲ့သည်။

“လုံခြုံရေးအခြေအနေက အရင်ရုံးချိန်းတွေထက် ပိုပြီးတော့ တင်းမာတယ်။ လုံခြုံရေးတွေကလည်း ပိုပြီး တင်းကျပ်တယ်။ စကားပြောခွင့်လည်း မပေးဘူး။ ဆွဲထုတ်တယ်။ ကန်ထုတ်တယ်။ ပန်းတွေပေးလို့ မရခဲ့ဘူး”ဟု ဒေါက်တာအေးမောင်အား အမြဲတမ်း ပန်းစည်းဆက်သူ ဒေါ်ဦးမြသန်းက သတင်းထောက် များကို ပြောသည်။

ဒေါက်တာအေးမောင်တို့ရင်ဆိုင်နေရသည့်အမှုကို အပြီးသတ်လျှောက်လဲချက်ပေးရန် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ကိုချိန်းဆိုထားသော်လည်း တရားသူကြီးအပြောင်းအလဲကြောင့်ဟုဆိုကာ လာမည့် မတ်လ ၁ ရက်နေ့ကို ထပ်မံချိန်းဆိုခဲ့သည်။

( ဓာတ်ပုံ-ယနေ့ရုံးထုတ်လာသည့်မြင်ကွင်း)

ဒေါက်တာအေးမောင်တို့အမှု အပြီးသတ်လျှောက်လဲချက်ပေးမည့်ရက် ပြောင်းရွေ့သတ်မှတ်

စိုးဇံအောင်(တောင်ကုတ်) 
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅

ယနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင် ဒေါက်တာအေးမောင်နှင့် စာရေးကိုဝေဟင်တို့၏ အမှုအား အပြီးသတ်လျှောက်လဲချက်ပေးရန်သတ်မှတ်ထားသော်လည်း ခရိုင်တရားသူ ကြီး မရှိသဖြင့် အပြီးသတ် လျှောက်လဲချက် မပေးနိုင်ဘဲ ရက်ချိန်းကို ရွေ့ပြောင်း သတ်မှတ်လိုက်သည်ဟု သိရသည်။

သူတို့နှစ်ဦးအား ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်တရားရုံးသို့ ရုံးထုတ်ခဲ့ရာ ခရိုင်တရားသူကြီးမှာ နေပြည်တော်ရှိ အစည်းအဝေး တစ်ခုသို့ တက်ရောက်နေရသဖြင့် ယခုကဲ့သို့ လျှောက်လဲချက် ပေးမည့်နေ့ကို ရွေ့ပြောင်းလိုက်ခြင်းဖြစ် ကြောင်း ရှေ့နေဦးကျော်ညွန့်မောင်က နိရဉ္စရာသို့ ပြောသည်။

“အပြီးသတ်လျှောက်လဲချက်တင်ရမှာကတော့ ဒီနေ့ပါပဲ။ ဒီနေ့ရုံးထုတ်တော့ ခရိုင်တရားသူကြီးက နေပြည်တော် အစည်းအဝေးတစ်ခုရောက်နေတဲ့အတွက် ရုံးချိန်းပြောင်း သတ်မှတ်လိုက်တယ်လို့ သိရပါတယ်”ဟု ရှေ့နေ ဦးကျော်ညွန့်မောင်က ပြောသည်။

ခရိုင်တရားသူကြီးမရှိသဖြင့် အပြီးသတ်လျှောက်လဲချက် ပေးရန် မတ်လ ၁ ရက်နေ့ နံနက် ၁၀ နာရီသို့ ရုံးချိန်း ရက်ရွေ့လိုက်သည်ဟု သိရသည်။

ယနေ့ရုံးချိန်တွင် မီဒီယာသမားများအနေဖြင့် ဒေါက်တာ အေးမောင်နှင့် စကားပြောဆိုခွင့်၊ သတင်းရယူခွင့် မရခဲ့ ကြောင်း သိရသည်။

ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင် တို့နှစ်ဦးမှာ ရသေ့တောင်မြို့နယ် ၂၃၃ နှစ်မြောက် ရခိုင့်အချုပ်အချာ အာဏာကျဆုံးနေ့ အထိမ်းအမှတ်ပွဲတွင် ဟောပြောမှုကြောင့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ နှင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် ဖမ်းဆီးတရားစွဲဆိုခံနေရသူများဖြစ်သည်။

ဒေသခံပြည်သူများအတွက် ဖော်ဆောင်မည့်ကျောက်ဖြူမြို့သစ်စီမံကိန်းနှင့် ပတ်သက်၍ ရခိုင်လွှတ်တော်တွင်လာရောက်ရှင်းလင်း

မာန်ယုကျော် (ရွှေဝမြေ)
နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၅

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများအတွက် မြို့သစ်စီမံကိန်းတစ်ခု ဖော်ဆောင်နိုင်ရေးနှင့် ပတ်သက်ပြီး စီမံကိန်း ဖော်ဆောင်မည့် အဖွဲ့အစည်းက ရခိုင်ပြည်နယ်လွှတ်တော်တွင် လာရောက်ရှင်းလင်းမှု ပြုလုပ်ခဲ့သည်။

အဆိုပါစီမံကိန်းအား တာဝန်ယူအကောင်အထည်ဖော်မည့် ကျောက်ဖြူခရိုင် ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်း(KDNEDA)မှ တာဝန်ရှိသူများသည် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော် အစည်းအဝေး ခန်းမ၌ လာရောက်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

“ကျောက်ဖြူမြို့သစ်ဖော်ထုတ်ရတဲ့အကြောင်းရင်းကတော့ ကျောက်ဖြူက အတိုင်းအဆမရှိ ဖွံ့ဖြိုး တိုးတက် လာမယ်။ လူဦးရေလည်း အများကြီး ရောက်လာမယ်။ လူဦးရေ သန်းကို ဆယ်နဲ့ချီပြီးတော့ ရောက်လာကြမယ်။ အဲဒီအချိန်မှာ အခုလက်ရှိ ကျောက်ဖြူမြို့ဆိုတာလည်း ငယ်ငယ်လေး။ ထပ်ပြီးတော့လည်း တိုးချဲ့စရာနေရာမရှိတော့ဘူး။ မရှိတော့ SEZ ကလည်း ဧက ၄ ထောင်ကျော် ထပ်ပြီးတော့ နေရာယူဦးမှာဆိုတော့ ဦးတို့ ဒေသခံတိုင်းရင်းသားတွေနဲ့ အဝေးရောက် ရခိုင်တွေ ပြန်လာရင်နေထိုင်ဖို့အတွက် ဦးတို့မှာ နေရာကောင်းတစ်ခုလိုအပ်တယ်။ မြို့သစ်တစ်ခုလိုအပ်တယ်။ နောက်ပြီး ကျောက်ဖြူမြေကလည်း တအားဈေးကြီးနေပြီ။ တော်ရုံတန်ရုံလူ ကျောက်ဖြူမှာ မြေမဝယ် နိုင်တော့ဘူး။ အဲဒါကြောင့် ဒီမြို့သစ်တစ်ခုကို မဖြစ်ဖြစ်အောင်တည်ဖို့၊ ပြီးတော့ ဒီမြို့ဟာလည်း ဦးတို့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ပိုင်ဆိုင်မှုအောက်မှာပဲရောက်ရှိဖို့အတွက် ရည်ရွယ်ပြီးတော့ ဒီမြို့သစ်ကို တည်ခြင်းဖြစ်ပါတယ်”ဟု ကျောက်ဖြူခရိုင် ဒေသခံတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအသင်း(KDNEDA)ဥက္ကဋ္ဌ ဦးငြိမ်းချမ်းမောင်က ရှင်းလင်းပွဲအပြီး မီဒီယာများ၏မေးမြန်းမှုကိုဖြေကြားခဲ့သည်။

ကျောက်ဖြူမြို့သစ်စီမံကိန်းကို ရန်ကုန်-ကျောက်ဖြူကားလမ်း၏အနောက်ဘက်မှ ကျောက်ဖြူမြို့ရှိ မင်းပြင်ပင်လယ်ကမ်းခြေအထိ မြေဧက ၁ သောင်းခွဲကျော်တွင် အကောင်အထည်ဖော်ရန် ရည်ရွယ် ထားခြင်းဖြစ်သည်။ မြို့သစ်စီမံကိန်းဖော်ဆောင်မည့်နေရာအတွင်းရှိ ကျေးရွာများအပါအဝင် နေအိမ် အဆောက်အအုံများနှင့် ဒေသခံအနေဖြင့် နေရာပြောင်းရွှေ့စရာမလိုဘဲ နဂိုရှိပြီးသား ကျေးရွာများနှင့် နေအိမ်အဆောက်အအုံများကို မြို့ပြအသွင်အဖြစ်သာ ပြောင်းလဲသွားမည်ဟုဆိုသည်။

“ကျနော်တို့ဘက်က ဥပဒေ၊ နည်းဥပဒေနဲ့အညီ ကူညီပေးပါ့မယ်။ သို့သော် အစိုးရနဲ့ တိုက်ရိုက် ပတ်သက်ပါတယ်။ ဒါကို အစိုးရက စိတ်ဝင်စားဖို့လိုပါတယ်”ဟု ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက ပြောသည်။

ကျောက်ဖြူမြို့သစ်စီမံကိန်းနှင့်ပတ်သက်ပြီး (KDNEDA)အသင်းအနေဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်လည်း ရက်ပိုင်းအတွင်း သွားရောက်တွေ့ဆုံဦးမည်ဖြစ်ပြီး အစိုးရ၏ခွင့်ပြုချက်ရသည်နှင့် ချက်ချင်းအကောင်အထည်ဖော်မည်ဟုဆိုသည်။

ကျောက်ဖြူမြို့တွင် အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်းစသည့် စီးပွားရေး စီမံကိန်းကြီးများကို အကောင်အထည်ဖော် တည်ဆောက်ရန် စီစဉ်နေပြီး များမကြာမီ စီးပွားရေးအရ ဖွံ့ဖြိုးလာတော့မည် ဟု ယူဆကာ ကျောက်ဖြူမြိုနှင့် အနီးပတ်ဝန်းကျင်မှာ မြေနေရာများကို ငွေကြေးချမ်းသာသူများ၊ စီးပွားရေး သမားများမှ ဈေးကြီးပေးဝယ်ယူမှုများရှိနေသဖြင့် ဒေသခံပြည်သူများအတွက် နေထိုင်ရန် မြေနေရာများ ရှားပါးလာနေသည်ဟု သိရသည်။

မြို့ပြစီမံကိန်းဖော်ဆောင်ရာတွင် ကုန်ကျမည့်ငွေကြေးပမာဏနှင့် စီမံကိန်းကို မည်မျှ အချိန် ယူဖော်ဆောင်မည်ဆိုသည်ကိုမူ အသင်းက ထုတ်ဖော်မပြောသေးပါ။

စိန့်မာတင်ကျွန်းပိုင်ဆိုင်ကြောင်းဖော်ပြမှု မြန်မာသံအဖွဲ့ကိုဆင့်ခေါ်ကန့်ကွက်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၄

နတ်မြစ်ဝတွင် တည်ရှိသည့် St Martin ( စိန့်မာတင်ကျွန်း) ကို မြန်မာနိုင်ငံပိုင်ဖြစ်ကြောင်း မြန်မာအစိုးရ တရားဝင် မြေပုံတွင် ဖော်ပြသည်ဟုဆိုကာ ဘင်္ဂလာဒေ့ရှ်နိုင်ငံဆိုင်ရာ ယာယီ မြန်သံရုံးတာဝန်ခံ ဦးအောင်ကျော်မိုးကို ဆင့်ခေါ်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်သည်ဟု သတင်းရရှိသည်။

မြန်မာယာယီသံအမတ် ဦးအောင်ကျော်မိုးအား ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးဌာန အရှေ့တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် Delwar Hossain ကဆင့်ခေါ်ပြီး စိန့်မာတင်ကျွန်းအား မြန်မာပိုင် ဖြစ်ကြောင်း ဖော်ပြခြင်းနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း The Saily Star သတင်းတွင် ရေးသားဖော်ပြထားသည်။

မြန်မာယာယီသံအမတ် ဦးအောင်ကျော်မိုးမှ အဆိုပါကိစ္စအား သူ့အစိုးရနှင့် တိုင်ပင်ဆွေးနွေးရန်နှင့် ဘင်္ဂလာဒေ့ရှ်အစိုးရ၏ စိုးရိမ်ပူပန်မှုကို မြန်မာအစိုးရထံ အသိပေးတင်ပြသွားရန် ကတိပြုခဲ့ကြောင်း သတင်းကဆိုသည်။

ဘင်္ဂလာဒေ့ရှ် အစိုးရအနေဖြင့် သံတမန်ဆိုင်ရာကောက်နုတ်ဖော်ပြရာတွင် ဤကဲ့သို့ ထပ်မံ၍ စိန့်မာတင်ကျွန်းအား မမှန်မကန် ပိုင်ဆိုင်ကြောင်း မြန်မာဘက်က ဖော်ပြခြင်းကို လုံးဝ ကျေနပ်မှု မရှိကြောင်းနှင့် အမြန်ဆုံး အမှန်ပြုပြင်ပေးရန် တောင်းဆိုခဲ့သည်ဟု သတင်းတွင် ရေးသားသည်။

မြန်မာအနေဖြင့် အလားတူ အမှားမျိုးကို လွန်ခဲ့သည့်နှစ်ကလည်း ပြုလုပ်ခဲ့သဖြင့် ဘင်္ဂလာဒေ့ရှ် အစိုးရမှ လွန်ခဲ့သည့်နှစ် အောက်တိုဘာ ၆ ရက် တရားဝင် ကန့်ကွက်မှုကို ပြုလုပ်ခဲ့ပြီး အမြန်ဆုံး အမှန်ပြင်ပေးရန် တောင်းဆိုခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ စာရင်း အင်းဆိုင်ရာ အချက်အလက် ၀န်ဆောင်မှု စနစ် Myanmar Statistical Information Services (www.mmsis.gov.mm) ၀က်ဆိုက်တွင် ဘင်္ဂလာဒေ့ရှ်ပိုင် စိန့်မာတင်ကျွန်းကို ရခိုင်ပြည်နယ်အားဖော်ပြသော အရောင်ဖြင့် အတူ ဖော်ပြထားပြီး တစ်ခြား ဘင်္ဂလာဒေ့ရှ် နေရာအစိတ်အပိုင်းများကိုမူ တစ်ခြားအရောင်ဖြင့် ဖော်ပြထားသည်ဟု သတင်းတွင် ရေးသားထားသည်။

(ဓာတ်ပုံ- စိန့်မာတင်ကျွန်း/ ရခိုင်အခေါ် အုန်းကျွန်း)

Myanmar envoy summoned for claiming St Martin’s Island as its territory again

စုက္ကရာဆရာတော်ကြီး ဦးသုစိတ္တ အန္တိမ ဈာပနပွဲတော် ပေါက်တောမြို့နယ် ၀လန်းကျေးရွာတွင် စည်ကားသိုက်မြိုက်စွာကျင်းပမည်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၄

ပေါက်တောမြို့နယ် ဆံတော်ရှင်ဘုရားတည်ရှိရာ အနောက်ဖရုံဂါကျွန်း ၀လန်းရွာတွင် ပျံလွန်တော်မူသွားခဲ့သော စုက္ကရာဆရာတော်ကြီး ဦးသုစိတ္တ အန္တိမ အဂ္ဂိဈာပနပွဲတော်အား ဖေဖော်ဝါရီ ၁၈ ရက်နှင့် ၁၉ ရက် ( တပို့တွဲလဆန်း ၁၄ ရက်မှ လပြည့်နေ့ထိ) စည်ကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။

ဆရာတော်ကြီး ဘဒ္ဒန္တစက္ကိန္ဒ၏ ဈာပနပွဲတော်တွင် ဒုံး၊ ဟန်၊ သိုင်းရိုးရာအကများအပါအ၀င် ရွေှ့ပြည်စိုး ဇာတ်သဘင်မှ ကပြ ဖြေဖျော်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဆရာတော်ကြီးသည် ကျောက်တော်မြို့ ရွာမပြင်ကျေးရွာတွင် ကျောင်းထိုင်ခဲ့ပြီး ၁၉၈၀ ခုနှစ် ပတ်ဝန်းကျင်တွင် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ခွာသွားပြီး ဖလောင်းချိတ်ခရိုင်၊ စော်ကရီယာမြို့နယ်၊ ထောင်သောင်းရွာ(ခေါ် ) စုက္ကရာရွာတွင် နှစ်ပေါင်း ၃၅ နှစ်ခန့် ကျောင်းထိုင်ခဲ့သည်။

ဆရာတော်ကြီးသည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၊ ဖလောင်းချိတ် အပိုင် စုက္ကရာ (ထောင်သောင်းရွာ) တွင် နှစ်ပေါင်း ၃၅ နီးပါး ကျောင်းထိုင်ခဲ့သဖြင့် စုက္ကရာဆရာတော်ဟု လူသိများပြီး ဘ၀သက်တမ်းတစ်လျှောက်တွင် အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုးခဲ့သည့် ဆရာတော်ကြီး တစ်ပါး ဖြစ်သည်။

ဆရာတော်ကြီး ပျံလွန်တော်မူချိန်တွင် သက်တော် ၉၀၊ ၀ါတော် ၇၀ ရှိကြောင်း သိရှိရပါသည်။

ဆရာတော်ကြီးသည် ယခင်က ကျောက်တော်မြို့နယ် ရွာမပြင် ကျေးရွာတွင် ၁၉၇၀ မှ ၁၉၈၀ ခုနှစ်ထိ ကျောင်းထိုင်ခဲ့ပြီး ဦးထွန်းရွှေမောင်ဦးဆောင်သည့် AIA အားထောက်ခံအားပေးမှု ပြုလုပ်ခဲ့သဖြင့် စစ်တပ်မှ ဖမ်းဆီးရန် လိုက်လံရှာဖွေရာမှ ၁၉၈၁ ပတ်ဝန်းကျင် ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

ဆရာတော်သည် အသက်အရွယ်ကြီးရင့်လာသဖြင့် ၂၀၁၅ ခုနှစ်မှ ဘင်္ဂလာဒေ့ရှ်မှ ရခိုင်သို့ ပြန်လာခဲ့ပြီး ပေါက်တောမြို့နယ် ၀လန်းကျေးရွာတွင် သီတင်းသုံးနေခဲ့ပြီး အိုမင်းမစွမ်းရှိနေခဲ့ရာမှ ဒီဇင်ဘာ ၁၁ ရက် ည ၉ နာရီ ၁၅ မိနစ်တွင် ၉၆ ပါးရောဂါဖြင့် ပျံလွန်မူသွားခဲ့ပါသည်။

ဆရာတော်ကြီးအား ကြည်ညိုလေးစားသူများ၊ တပည့်တကာများအားလုံးကို ဈာပနပွဲတော်သို့ ကြွရောက်ကြရန် ဈာပနပွဲတော် ကျင်းပရေး ကော်မတီမှ ဖိတ်ကြားထားကြောင်း သတင်းရရှိသည်။

ဆင်ပြောင်သင်္ဘောနစ်ရာမှ သေဆုံးသူ ၈ ဦးအလောင်း မာန်အောင်မြို့မ သချိုင်္င်းတွင် သဂြိုင်္လ်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်၊ လက်ဖက် မီးပြတိုက်အား ပြင်ဆင်ရန်လာရောက်စဉ် နစ်မြုပ်သွားခဲ့သည့် ဆင်ပြောင် သင်္ဘောပေါ်မှ သင်္ဘောသား ၈ ဦးအလောင်းကို ယနေ့ နေ့လယ် ၁ နာရီက မာန်အောင်မြို့မ သချိုင်္င်းတွင် သဂြိင်္ုလ်ခဲ့သည်ဟု သတင်းရရှိသည်။

မာန်အောင်မြို့ ဒေသခံ လူမှုရေး လူပ်ရှားဆောင်ရွက်နေသူ ဦးကျော်မိုးနိုင်က “ ဒီကနေ့ နေ့လယ် ၁ နာရီ လူ ၈ ဦးရဲ့ အလောင်းကို သဂြိင်္ုလ်ပါတယ်။ ရန်ကုန်ကနေ လာကြတဲ့ သူတို့ရဲ့ မိသားစုတွေ၊ ဌာနပေါင်းစုံကတာဝန်ရှိသူတွေ အသုဘ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်” ဟု ပြောကြားသည်။

သဘောင်္နစ်မြုပ်ရာတွင် လူ ၁၉ ဦး ပျောက်ဆုံးခဲ့ပြီး ယနေ့ အချိန်ထိ ၁၁ ဦး၏ အလောင်းကို ရရှိထားပြီဟု သိရသည်။

“ ဆယ်ယူရရှိတဲ့ အလောင်း ၁၁ လောင်းထဲက ၂ လောင်းကို ရန်ကုန်ကို ယူသွားပါတယ်။ တစ်လောင်းက ဒီနေ့ မနက်ကဘဲ ပင်လယ်ထဲက ဆယ်ယူရရှိတယ်။ ဒီနေ့ သဂြိင်္ုလ်တာက ၈ လောင်း ဖြစ်ပါတယ်” ဟု သူက ပြောကြားသည်။

ဆင်ပြောင် သင်္ဘောသည် ယခု ၁၁ ရက်နေ့ နံနက် (၀၄း၃၀)အချိန်ခန့်၊ ကျောက်ဖြူခရိုင်၊မာန်အောင်မြို့နယ်၊ဇီးတောကမ်းခြေနှင့် (၄)မိုင်ခန့်အကွာ လက်ဖက်ကျွန်းမီးပြတိုက်သို့ ပြုပြင်ရန်လာရောက်စဉ် မီးပြတိုက်မှ တစ်မိုင်ခန့် အကွာတွင် ကျောက်ချ ရပ်နားထားစဉ် လိုင်းကြီးပြီးရေ၀င်ကာ နစ်မြုပ်သွားခဲ့သည်။

ကျွန်းပေါ်တွင် မီးပြတိုက်ပြင်နေသူ ၉ ဦး၊ သင်္ဘောပေါ်တွင် ရှိနေသူ ၇ ဦးတို့မှာ အသက်ဘေးမှ လွတ်မြောက်ခဲ့ပြီး ၁၉ ဦး ပျောက်ဆုံးခဲ့သည်။

ယမန်နေ့ထိ ဆယ်ယူရရှိသော အလောင်းများမှာ 
၁။ ဦးထွန်းထွန်း ရေယာဉ်မှူး (စမ်းချောင်းမြို့နယ်) ၂။ ဦးထွန်းအောင် ဒု-ရေယဉ်မှူး (ဒလမြို့နယ်) ၃။ ဦးမြတ်မော် သင်္ဘောဝန်ထမ်း (သာကေတမြို့နယ်) ၄။ ဦးတင်မောင်ဝင်း ။ (ဒလမြို့နယ်) ၅။ ဦးကျော်ညွန့်(သန်လျင်မြို့နယ်) ၆။ ဦးမြတ်ဆွေ (မင်္ဂလာတောင်ညွန်းမြို့နယ်)
၇။ ဦးသိန်းလွင်(ဒလမြို့နယ်) ၈။ ဦးထွန်းဦး (မူလသင်္ဘောထွက်စာရင်းတွင်မပါဘဲဆင်ပြောင်သင်္ဘောပေါ်တွင်ရန်ကုန်မှပါလာသူ) ၉။ ဦးမင်းလွင် သင်္ဘောဝန်ထမ်း (ဗဟန်းမြို့နယ်) ၁၀။ဦးမင်းဇော်ထွေး သင်္ဘောဒု-လုပ်သား (ဒေါပုံမြို့နယ်) တို့ဖြစ်ကြောင်း။ ပျောက်ဆုံးနေသူ (၉)ဦးတို့အား ဆက်လက်ရှာဖွေလျက်ရှိကြောင်း ရခိုင်ပြည်နယ် မီးသတ်တပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

၎င်းတို့အထဲမှ ဦးထွန်းထွန်း၏ အလောင်းကို ရန်ကုန်သို့ ယူဆောင်သွားခဲ့ပြီး ဦးထွန်းဦးမှာ အစ္စလာမ်ဘာဝင် ဖြစ်သဖြင့် ကျောက်နီမော်တွင် သဂြိင်္ုလ်ရန် ယူဆောင်သွားသည်ဟု ဦးကျော်မိုးနိုင်က ပြောကြားသည်။

(Photo by Sithu Aung)

ရခိုင်စစ်ရပ်စဲရေး ပြည်နယ်အစိုးရမှတဆင့် ပြည်ထောင်စု အစိုးရသို့တိုက်တွန်းသည့်အဆို ဆွေးနွေးရန် ရခိုင်လွှတ်တော်သဘောတူ

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများအား အမြန်ဆုံးရပ်ဆိုင်းရန် “ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့” တိုက်တွန်းသည့် အဆိုကို ယနေ့ တင်သွင်းရာ ၎င်းအဆိုအားလက်ခံဆွေးနွေးရန် ရခိုင်ပြည်နယ် လွှတ်တော်က သဘောတူလိုက်ပြီဟု သတင်းရရှိသည်။

၎င်းအဆိုကို ဖေဖော်ဝါရီလ ၁၄ ရက် ယနေ့ ကျင်းပသည့် ရခိုင်ပြည်နယ်လွှတ်တော် နဝမ ပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်မှ တင်သွင်းခဲ့သည်.

ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်က “ကျွန်တော်အနေနဲ့ ဒီအဆိုကို တင်ရတဲ့ ရည်ရွယ်ချက် ကျွန်တော်တို့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တပ်မတော်နဲ့ AA တို့ အကြား ဖြစ်နေတဲ့ တိုက်ပွဲတွေ ကျယ်ပြန့်လာတဲ့ အတွက် ဒေသခံတွေရဲ့ လုံခြုံရေး၊ လုပ်ကိုင်စားသောက်ရေး၊ စီးပွားရေးတွေကပါ ထိခိုက်လာတဲ့ အတွက် ဒေသခံ ပြည်သူတွေကိုယ်စား တိုက်ပွဲတွေကို ရပ်ဖို့ အဆိုတင်ရတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ရခိုင်ပြည်နယ်လွှတ်တော်မှ တိုက်ပွဲရပ်စဲရေး အဆိုကို လက်ခံဆွေးနွေးပြီး အဆိုအောင်မြင်ပါက ပြည်နယ် အစိုးရမှ တဆင့် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းသွားမည် ဖြစ်ကြောင်း သိရသည်။

“ အဆိုကို လွှတ်တော်မှာ ကန့်ကွက်သူ မရှိ အကုန်လုံး သဘောတူပါတယ်။ ဒီအဆိုကို ဘယ်နေ့ ဆက်ဆွေးနွေးမယ်ဆိုတာကို မသိရသေးဘူး။ တနင်္လာ နောက်ဆုံးထားပြီး ဆွေးနွေးမယ့်သူတွေရဲ့ စာရင်းကို တောင်းထားပါတယ်” ဟု ပြောကြားသည်။

ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်၏ ယနေ့ တင်သွင်းသည့် အဆိုကို မြောက်ဦးမြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်း ထောက်ခံဆွေးနွေးခဲ့သည်။

မြောက်ဦးမြို့နယ် အမှတ် (၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းက “ ကျွန်တော်တို့ ရွာတွေကို ဆင်းကြည့်တဲ့ အခါ ဒီရခိုင်မှာ ဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ကျေးလက်တောရွာက လူတွေ တော်တော် အခက်အခဲဖြစ်နေကြတယ်။ တစ်နေ့စာ တစ်နေ့ ရှာစားနေတဲ့ လူတွေဟာ အခု ထင်းတို့ ၀ါးတို့ ခုတ်လို့ မရတော့ဘူး။ ဟင်းသီးဟင်းရွက်ရှာစားလို့ မရတော့ဘူး။ လက်လုပ်လက်စားတွေရဲ့ အိမ်မှာ ဆန်မရှိ ဖြစ်နေကြပြီ။ တစ်ဖက်မှာလည်း နီပေါနိုင်ငံ ဖြစ်စဉ်မှာ လွှတ်တော်ကနေ ကြားဝင်ပြီး အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့တွေအကြား ဖြစ်နေတဲ့ စစ်ပွဲတွေကို ကြားဝင်ပြီး ကမထက ပြုလုပ်ခဲ့တဲ့ အတွက် အောင်မြင်မှုရခဲ့တဲ့ သာဓကတွေ ရှိတဲ့ အတွက် ရခိုင်ပြည်နယ် လွှတ်တော်က ကြားဝင်ဆောင်ရွက်နိုင်အောင် ဒီအဆိုကို ထောက်ခံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်” ဟု ပြောကြာသည်။

အဆိုရှင် ရသေ့တောင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၏ တင်သွင်းသည့် အဆိုတွင် “ မြန်မာနိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခလမ်းစဉ် နှစ် ၇၀ ခန့်ရှိခဲ့ပြီဖြစ်သော်လည်း ယနေ့အထိ မပြီးဆုံးသေးကြောင်း နှစ်ဖက်လက်ကိုင်တိုက်ပွဲများဖြစ်ပွားနေသည့် ဖြစ်စဉ်တွင် တိုင်းရင်းသား ညီအစ်ကိုများသာ အချင်းချင်း ဖြစ်ပွားသည့်အခြေအနေမျိုးဖြစ်ပြီး ထိခိုက်သေကြေဒဏ်ရာရရှိသူတွေဟာ လည်း မိမိ၏ ပြည်ထောင်စု တိုင်းရင်းသားညီအစ်ကိုများသာဖြစ်ကြောင်း၊ တိုက်ပွဲများ နောက်ထပ်ထိပ်တိုက် ရင်ဆိုင်မှုများ မဖြစ်ပွား စေရန် ငြိမ်းချမ်းရေးလမ်းစဉ်ကို လျှောက်လှမ်းနိုင်ရန်အတွက် နှစ်ဖက်စေ့စပ်ညှိနှိုင်းပြီး အဖြေရှာမှသာလျှင် ရေရှည်၌ တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားအချင်းချင်း စည်းလုံး ညီညွတ်မှု ရရှိလာမည် ဖြစ်ပါကြောင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဒေသခံတိုင်းရင်းသားပြည်သူများမှာ မိမိတို့၏ အိုးအိမ်လုပ်ငန်းခွင် များကို စွန့်လွှတ်ထွက်ပြေးတိမ်းရှောင်လာကြရသဖြင့် ယခုအခါ ၆၀၀၀ ကျော်အထိပင်ရှိလာပြီဖြစ်ပါကြောင်း ထို့ကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်များတွင် နှစ်ဖက်ဖြစ်ပွားနေသော လက်နက်ကိုင်တိုက်ပွဲများအား ယင်းဒေသရှိ တိုင်းရင်းသားပြည်သူများ၏ အသက် အိုးအိမ်ကို ငဲ့ညာစောင့်ရှောက်သောအားဖြင့် လက်နက်ကိုင်တိုက်ပွဲများအား အမြန်ဆုံး ရပ်ဆိုင်းပေးရန် ပြည်နယ်အစိုးရအဖွဲ့မှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆိုတင်သွင်း အပ်ပါကြောင်း ဖော်ပြထားသည်။

မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေအနီးတိုက်ပွဲဖြစ်

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၄

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ အောင်သပြေအနီးတွင် ယနေ့ နံနက် အစောကြီး ညဥ့် ၂ နာရီမှ နံနက် ၅ နာရီထိ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာမှာ အောင်သပြေမှ တစ်မိုင်ခန့် အကွာရှိ ကာလာဒေးဖက် တံတားအနီးတွင် ဖြစ်ကြောင်း အမည်မဖော်လိုသူ အစိုးရ ၀န်ထမ်း တစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

“ သိရတာက ကာလာဒေးဖက်တံတားအနီးက တောင်ကုန်းမှာရှိတဲ့ နယ်ခြားစောင့်စခန်းကို လာတိုက်တယ်လို့ သိရပါတယ်။ ညဥ့် ၂ နာရီကစပြီဖြစ်ပါတယ်။ နံနက် ၅ နာရီလောက်မှ သေနတ်သံတွေ ရပ်သွားပါတယ်” ဟု ၎င်း အစိုးရ ၀န်ထမ်းက ပြောသည်။

တိုက်ပွဲတွင် နှစ်ဖက် အကျအဆုံးရှိကြောင်း ကြားသိရကြောင်း၊ နယ်မြေပိတ်ဆို့ ရှင်းလင်းရေး လုပ်နေသဖြင့် လူများအသွားအလာကို ပိတ်ပင်ထားကြောင်း၊ ၎င်းက ဆက်လက် ပြောဆိုသည်။

“ ဘယ်အဖွဲ့လည်းဆိုတာ မပြောနိုင်ပါ။ သတင်းမရသေးပါဘူး။ အခု တပ်က နယ်မြေရှင်းလင်းရေး လုပ်နေပါတယ်။ လူတွေ သွားလာခွင့်ကို လောလောဆယ် ပိတ်ထားပါတယ်။ ဒါကြောင့် ဘာတွေ ဖြစ်လဲဆိုတာ တိတိကျကျ မပြောနိုင်ပါ” ဟု ပြောကြားသည်။

တိုက်ပွဲနှင့် ပတ်သက်ပြီး အတည်ပြုချက် ရယူလိုသဖြင့် မောင်တောမြို့နယ် အာဏာပိုင်များသို့ ဆက်သွယ်ရာ အဆက်အသွယ် မရရှိသေးပါ။

ကျောက်နီမော်မှ နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးခြင်းခံခဲ့ရသူ ၃၀၀၀ ကျော်၏ အမည်စာရင်း ပြုစုပေးပို့ရန် တိုက်တွန်းသည့်အဆို ရခိုင်ပြည်နယ်လွှတ်တော်တွင်တင်သွင်း

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဖေဖော်ဝါရီ ၁၃

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးခြင်းခံခဲ့ရသည့် ဘင်္ဂါလီ ၃ ထောင်ကျော်၏အမည်စာရင်းအား ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ပြုစုကာ ရခိုင်ပြည်နယ် လွှတ်တော်သို့ ပေးပို့ရန်တိုက်တွန်းသည့်အဆိုကို ယနေ့ စတင်ကျင်းပသော ပြည်နယ်လွှတ်တော်တွင် တင်သွင်း ခဲ့ကြောင်း သိရသည်။

“ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာမှ နိုင်ငံသားစိစစ်ရေးကဒ်ထုတ်ပေးထားသည့် ကမန်ဟုဆိုသူ စုစုပေါင်း(၃၃၀၆) ယောက် အမည်စာရင်းနှင့် ၎င်းမိသားစု မျိုးရိုးစဉ်ဆက်ဇယား (Family Tree)များ၊ ထိုသို့ နိုင်ငံသားစိစစ်ရေးကဒ် ထုတ်ပေးရေးအတွက် ထောက်ခံပေးခဲ့သည့် ပုဂ္ဂိုလ်များ၏ အမည်စာရင်းများကိုပြုစု၍ ရခိုင်ပြည်နယ် လွှတ်တော်သို့ ပေးပို့ပါရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့များ တိုက်တွန်းကြောင်း”အဆိုအား ကျောက်ဖြူမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက ဖေဖော်ဝါရီ ၁၃ ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။

“ပြောချင်တာကတော့ ကျနော်တို့တောင်းတဲ့ဟာတွေကို ကျနော်တို့ရချင်တယ်။ ကျနော်တို့က ရခိုင်ပြည်နယ် လွှတ်တော်သည် ရခိုင်ပြည်နယ်လူထုရဲ့ ကိုယ်စားဖြစ်တဲ့အတွက် လွှတ်တော်အသံ၊ ပြည်သူ့အသံလို့ ပြည်သူကလည်း ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဒီလောက် အရေးကြီးတဲ့ကိစ္စကို အလုပ် လုပ်နေတာကို သိဖို့လိုတယ်။ ဒါကြောင့် ပြည်သူကို ချပြဖို့ဖြစ်တဲ့အတွက် ရခိုင်ပြည်လွှတ်တော် ကိုယ်စားလှယ်တွေဟာ အဲဒီစာရင်းတွေကို သိရမှဖြစ်မယ်”ဟု အဆိုရှင် ဦးဖိုးစံက နိရဉ္စရာသို့ ပြောသည်။

အဆိုပါအဆိုအား ဘူးသီးတောင်မြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းက ထောက်ခံဆွေးနွေးခဲ့ပြီးနောက် အဆိုအား ဆက်လက်ဆွေးနွေးရန်သင့်/မသင့် လွှတ်တော်၏သဘောထားအား ရယူရာ ဆက်လက်ဆွေးနွေးရန် ကန့်ကွက်သူမရှိ အတည်ပြုခဲ့ကြသည့် အတွက် ယင်းအဆိုအား ဆက်လက်ဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သိရသည်။

ကျောက်နီမော်ကျေးရွာမှ ဘင်္ဂါလီ ၃၃ဝ၆ ဦးအား ကမန်ဟုဆိုကာ နိုင်ငံသားစိစစ်ရေး ကဒ်ပြားများ ထုတ်ပေးခဲ့မှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်သို့ စာရင်းများပြုစုပေးပို့ရန် ရမ်းဗြဲမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ထံ တောင်းဆိုခဲ့ပြီးဖြစ်သော်လည်း ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်က ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံလျှို့ဝှက်ချက်ဥပဒေအရ ကန့်သတ်ထားသဖြင့် ပေးပို့ရန် မရှိဟု ဖြေကြားထားပြီးနောက် ယခုကဲ့သို့ ထပ်မံအဆိုတင်ရခြင်းဖြစ်ကြောင်း သိရသည်။