မြောက်ဦးမြို့နယ်မြောက်ဘက် ၁၆မိုင်ခန့်အကွာ စစ်တွေ-ရန်ကုန်ကားလမ်းအနီး တိုက်ပွဲဖြစ်ပွားခဲ့ဟု ဒေသခံများပြောဆို

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ မကျည်းပင်ကုန်း၊ ရန်ကုန်-စစ်တွေကားလမ်း အရှေ့ဘက်တွင် ယနေ့နံနက်က တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။

ထိပ်ဝပြင်ကျေးရွာအုပ်ချုပ်ရေးမှူးသို့ဖုန်းဖြင့် ဆက်သွယ်ရာ သူက “ ကျွန်တော် အခု အဲဒီ တိုက်ပွဲ ဖြစ်တဲ့ နေရာ အနီးကို ရောက်နေပါတယ်။ ကားလမ်းပေါ်မှာ စစ်ကားတစ်စီးတွေ့ပါတယ်။ စစ်သားတွေတော့ မတွေ့ပါဘူး။ ကင်းပုန်းဝပ်နေကြတယ်ထင်ပါတယ်။ ကျွန်တော်ရွာကတော့ ဒီကနေ့ နံနက် ၈ နာရီကျော်ကျော်လောက်က ကြားပါတယ်။ လက်နက်ကြီး အသံနဲ့ အတူ လက်ငယ်သံရော ၁၀ မိနစ် ၁၅ မိနစ်လောက်ကြားရပါတယ်။ အခု အဲဒီနေရာကို ရောက်နေပါတယ်”ဟု ပြောကြားသည်။

တိုက်ပွဲ ဖြစ်ပွားသည့် နေရာမှာ စစ်တွေ- ရန်ကုန်ကားလမ်း အရှေ့ဘက်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သဖြင့် ကားလမ်းတစ်လျှောက် လူအသွားအလာများ ရှိနေကြောင်း၊ ကျန်ရှိနေသည့် စစ်ကားမှာ တစ်စုံတစ်ရာ အပျက်အစီး မရှိကြောင်း ၎င်းက ပြောကြားသည်။

“ တောင်ပေါ်ကရော၊ အောက်ကရော ပစ်ကြတယ်လို့ အနီးအနားက လူတွေက ပြောပါတယ်။ တိုက်ပွဲ ဖြစ်တာကတော့ သေချာပါတယ်။ ဘယ်အဖွဲ့နဲ့ ဘယ်အဖွဲ့ဖြစ်တယ်ဆိုတာတော့ ကျွန်တော်တို့လည်း မပြောနိုင်ပါဘူး” ဟု တိုက်ပွဲ ဖြစ်ပွားခဲ့ရာ အနီးသို့ ရောက်နေသည့် ထိပ်ဝပြင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပြောကြားသည်။

မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က သူနေထိုင်ရာ တောင်ဦးကျေးရွာမှ လက်နက်ကြီးပစ်ခတ်သံ တစ်ချက် နှစ်ချက် ကြားခဲ့ရသည်ဟု ဆိုသည်။

“ ဖြစ်တာက စစ်တွေ- ရန်ကုန်ကားလမ်း အရှေ့ဘက် မကျည်းပင်ကုန်းအနီးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ကျွန်တော်တို့ဆီကလက်နက်ငယ်သံတွေကို မကြားရဘူး။ ကျီးရာပြင်ဘက်ကတော့ လက်နက်ငယ်သံတွေကို ကြားရတယ်လို့ ပြောပါတယ်။ ဖြစ်တဲ့ မကျည်းပင်ကုန်းဆိုတာက ကျောက်ထုတ်လုပ်ရေး စခန်းတစ်ခုပါ။ အရင်က ကျောက်ထုတ်ခဲ့ပါတယ်။ ဖြစ်တာက မြောက်ဦးမြို့ပေါ်က ၁၆ အမိုင် အကွာလောက်မှာရှိပါတယ်” ဟု ဦးထွန်းသာစိန်က ပြောသည်။

၎င်းတိုက်ပွဲဖြစ်ပွားခဲ့သော နေရာသည် လင်းမြွေတောင်ဘုရားနှင့်လည်း နီးကြောင်း၊ လောလောဆယ်တွင် အခြေအနေ တည်ငြိမ်နေပြီး ကားနှင့် ဆိုင်ကယ်များ ပုံမှန်အတိုင်း သွားလာနေကြကြောင်း ၎င်းက ပြောဆိုသည်။

မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့အကြား ရခိုင်ပြည်နယ် အတွင်း တိုက်ပွဲ ဖြစ်ပွားမှု ရပ်တန့်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီ ဖြစ်သည်။ ယခုတိုက်ပွဲသည် မြောက်ဦးမြို့နယ်အတွင်း လူသွားလူလာများသည့် စစ်တွေ-ရန်ကုန် ကားလမ်းအနီးတွင် ပထမဆုံးအကြိမ် ဖြစ်ပွားလာခြင်း ဖြစ်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular Right Now