မြေပုံ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကို ရခိုင်ပြည်နယ်အစိုးရမှ တရားစွဲဆိုရန် ၉၉ ရာနှုန်းသေချာနေပြီဟု ကာယကံရှင်ဆို

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၉

အမြောက်ကျည်ဆံစ ထိမှန်သေဆုံးခဲ့ရသည့် မောင်နိုင်စိုးအသုဘ အခမ်းအနားတွင် ဟောပြောမှုနှင့် ဆက်စပ်ပြီး မြေပုံမြို့နယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကို ရခိုင်ပြည်နယ် အစိုးရမှ တရားစွဲရန် အခြေအနေမှာ ၉၉ ရာနှုန်း သေချာနေပြီဟု ကာယကံရှင် ဦးအောင်ဝင်းက ပြောသည်။

မြေပုံပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက “ကျွန်တော်ကို လက်ရှိ အမှုဖွင့်ပြီး တရားစွဲဆိုတာတော့ မရှိသေးဘူး။ ဒါပေမယ့် တရားစွဲဆိုဖို့က ၉၉ ရာနှုန်း သေချာသွားပါပြီ။ ခိုင်လုံတဲ့ သတင်းအရ ကျွန်တော်သိရှိထားပါပြီ” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

ဇန်န၀ါရီ ၃၀ ရက်နေ့က ရသေ့တောင်မြို့နယ်၊ သမီးလှရွာသစ်တွင် ပြုလုပ်သည့် မောင်နိုင်စိုး အသုဘ အခမ်းအနားတွင် တက်ရောက်လာသော လူထု ပရိသတ်အား ဟောပြောရာ၌ ဟောပြောချက် တချို့သည် တရားဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ ရခိုင်ပြည်နယ် အစိုးရမှ တရားစွဲဆိုရန် စီစဉ်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ ကျွန်တော်က သမီးလှ ကျေးရွာ မောင်နိုင်စိုး အသုဘ အခမ်းအနားကို သွားတယ်။ အဲဒီမှာ ကျေးရွာမှာ စစ်တပ်က ပြုလုပ်သွားတဲ့ အဖြစ်အပျက်ကို စုံစမ်းလေ့လာရေးအတွက် သွားတယ်။ လွှတ်တော်က အလှူငွေတွေကို စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ပေးခဲ့တယ်။ အသုဘ အခမ်းအနားမှာ ကျွန်တော် အချက် ၃ ချက်ကို ဟောပြောခဲ့တယ်။ ဒီဟောပြောချက်နဲ့ ပတ်သက်ပြီး သူတို့က တရားစွဲမလို့ ဆိုတယ်” ဟု ဦးအောင်ဝင်းက ပြောကြားသည်။

အသုဘအခမ်းအနားတွင် ရက္ခိုင့်တပ်မတော် (AA) တိုက်ပွဲဝင်နေသည့် ကိစ္စ၊ စစ်တပ်က သမီးလှရွာသစ်ကို သေနတ်နဲ့ ပစ်ပြီး ပစ္စည်းတွေကို ယူသွားခဲ့သည့် ကိစ္စ၊ စစ်ပွဲကို ချက်ချင်းရပ်ရန်နှင့် ပြည်တွင်း ငြိမ်းချမ်းရေး အတွက် AA နဲ့ ဆွေးနွေးရန် ကိစ္စများကို ပြောဆိုခဲ့ကြောင်း၊ ထိုပြောကြားချက်များမှာ တရားဥပဒေကို ချိုးဖောက်သည်ဟု ဆိုကာ ရခိုင်ပြည်နယ် အစိုးရမှ တရားစွဲဆိုရန် စီစဉ်နေသည်ဟု ကြားသိရကြောင်း၊ ထိုသို့ တရားစွဲဆိုရန် စီစဉ်သော်လည်း စိုးရိမ်မှု မရှိကြောင်း ဦးအောင်ဝင်းက ပြောဆိုသည်။

“ အဓိက နယ်လုံ ၀န်ကြီးက စီစဉ်တာလို့ သိရတယ်။ နယ်လုံးဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့် ကျွန်တော် တရားဟောပြီး စစ်တွေပြန်ရောက်တော့ ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ က တစ်ဆင့် ကျွန်တော်ကို စကားပြောတယ်။ ကျွန်တော်ပြောတာတွေဟာ ဥပဒေရေးရာ အရ တော်တော်လေး ချိုးဖောက်နေတယ်လို့ ပြောတယ်။ ကျွန်တော်က နိုင်ငံရေး သမား၊ အမှန်ကို ပြောခဲ့တာ ဖြစ်တယ်။ အေအေကို ပြောတိုင်း ရခိုင်ပြည်နယ် အစိုးရ ဘာကြောင့် တုန်လှုပ်နေသလဲလို့ မေးချင်တယ်။ ကျွန်တော်က နိုင်ငံရေးသမား သူတို့ပြောတိုင်း လက်ခုပ်တီးပြီး လိုက်နေမယ့်သူ မဟုတ်ဘူး” ဟု ဦးအောင်ဝင်းက ပြောဆိုသည်။

ရခိုင်ပြည်နယ် အစိုးရမှ ဦးအောင်ဝင်းအား တရားစွဲဆိုမည့် ကိစ္စကို ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌထံသို့ အကြောင်းကြားထားပြီဟုလည်း ခိုင်လုံသော သတင်းအရ သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူများသို့ ဆက်သွယ်သော်လည်း အဆက်အသွယ်မရရှိသေးပါ။

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular Right Now