လုံခြုံရေးတပ်ဖွဲ့ကားတန်းအား ဗွီဒီယိုဖိုင်ရိုက်တင်၍ လူငယ်တစ်ဦး ၁၇ (၁) ဖြင့် ဖမ်းဆီးအမှုဖွင့်ခံရ

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ ရွာဟောင်းရပ်ကွက်မှ အသက် ၂၄ နှစ် အရွယ် လူငယ် တစ်ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကားတန်းကို ဗွီဒီယိုရိုက်ပြီး လူမှုကွန်ယက် ဖေ့စ်ဘွတ်စာမျက်နာပေါ် တင်မှုကြောင့် မတရားအသင်းဆက်သွယ်မူ ပုဒ်မ ၁၇ (၁) ဖြင့် အမှုဖွင့် ဖမ်းဆီးထားသည်ဟု သတင်းရရှိသည်။

၎င်းလူငယ်မှာ (ဖ)ဦးလှအောင်သား ဇော်ဝင်းနိုင် (၂၄) နှစ် ဖြစ်ကြောင်း သိရှိရသည်။

ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမောင်က “ ဖမ်းဆီးထားတာ မှန်ကန်ပါတယ်။ ကျွန်တော်ဆီကို ဖမ်းတဲ့ည အချိန်က သူ့မိန်းမက ဖုန်းဆက် အကြောင်းကြားလာပါတယ်။ စစ်တပ်ကားတွေကို ဗွီဒီိယိုရိုက်ပြီး လူမှုကွန်ယက်မှာ တင်တဲ့ အတွက် သူယောင်္ကျားကို ဖမ်းထားတယ်လို့ ပြောလာပါတယ်” ဟု ပြောကြားသည်။

ပုဏ္ဏားကျွန်းမြို့မ စခန်းမှူးသို့ ဆက်သွယ်ရာ ဖမ်းဆီးထိန်းသိမ်းထားသည်မှာမှန်ကန်ကြောင်း၊ မတရားအသင်း ဆက်သွယ်မှု ၁၇ (၁) ဖြင့် အရေးယူထားကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းဖော်ပြရာတွင် ဇော်ဝင်းနိုင်သည် သူ၏ Ko Zaw Win Naing အကောင့်အမည်ဖြင့် ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက် ည ၈ နာရီခွဲခန့်တွင် စစ်တွေမှ မြောက်ဦးဘက်သို့ ထွက်ခွါလာသော ရဲတပ်ဖွဲ့၏လုံခြုံရေးယာဉ်တန်းအား ဗွီဒီယိုမှတ်တမ်းရိုက်ကူး၍ “စစ်တွေဘက်မှ ရဲကားအစီး ၂၀ ဝန်းကျင် ကျောက်တော်ဘက်သို့ လားခဲ့ပါရေ၊ ကားတင်လက်နက်အပြည့်အစုံနဲ့ ဖြစ်ပါရေ-အရေးကြီးပါရေ”ဟု လူမှုကွန်ရက်၌ ရေးသားဖော်ပြခဲ့သည်ဟု ဆိုသည်။

ထိုသို့ တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုအား လူမှုစာမျက်နာပေါ် တင်ခြင်းမှာ လုံခြုံရေးကျိုးပေါက်စေရန် အကြံဖြင့်လည်းကောင်း၊ အကြမ်းဖက်အဖွဲ့အစည်း(သို့) မတရားအသင်းအဖွဲ့အစည်းတစ်ခုခုအား သိရှိနိုင်စေရန် ရည်ရွယ်၍လည်းကောင်း ရေးသားဖော်ပြခဲ့ကြောင်းစစ်ဆေးတွေ့ရှိရသဖြင့် ဇော်ဝင်းနိုင်အား ပုဏ္ဏားကျွန်းမြို့မရဲစခန်း(ပ)၁၀/၂၀၁၉၊ မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁)ဖြင့်အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ကိုဇော်ဝင်းနိုင်အား ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၈ ရက် ညနေ ၄ နာရီကျော်က ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ကိုဇော်ဝင်းနိုင်၏ ဇနီးမိသားစုများသို့ ဆက်သွယ်ရာ ယခုလို ဖမ်းဆီးထိန်းသိမ်းခံရ၍ မိသားစုများ အနဖြေင့် စိုးရိမ်နေကြသည်ဟု ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular Right Now