“ ကျူးလွန်ထားတဲ့ အမှုတွေကို ဖုံးကွယ်ဖို့အတွက် မဟုတ်မဟပ် သတင်းတွေတင်နေတာလို့” AA ပြောခွင့်ရ ခိုင်သုခဆို

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၉

ရွာသား ၂၀၀ ခန့်ကို ရက္ခိုင့်တပ်မတော် (AA) က ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲကို ခေါ်ယူသွားတယ်လို့ အစိုးရပိုင် သတင်းစာတွေမှာ ရေးသားဖော်ပြနေကြပါတယ်။ ခုလို AA က ကျေးရွာသား ၂၀၀ ကို ဘင်္ဂလာဒေ့ရှ်ကို ခေါ်ယူသွားတာဟာ ချစ်ခင်ရင်းနှီးမှုရှိတဲ့ မြန်မာနဲ့ ဘင်္ဂလာဒေ့ရှ် အိမ်နီးချင်း နိုင်ငံ ၂ ခုကြား နားလည်မှု လွဲမှားအောင် ဆောင်ရွက်တာ ဖြစ်တယ်လို့ မြန်မာအစိုးရက စွပ်စွဲ ရေးသား ဖော်ပြထားပါတယ်။ ဒီရေးသားဖော်ပြမှုနဲ့ ပတ်သက်ပြီး AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခကို ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

မေး- အစိုးရထုတ်တဲ့ သတင်းစာတွေ ဖြစ်ကြတဲ့ ဒီမြန်မာ့အလင်းတို့၊ ကြေးမုံတို့မှာ ရခိုင်အပါအ၀င် ဒေသခံ တိုင်းရင်းသား ၂၀၀ လောက်ကို ဘင်္ဂလာဒေ့ရှ်ကို ခေါ်သွားတယ်ဆိုပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ဖော်ပြကြတယ်။ အဲ့ဒီမှာ ကျောင်းသား/ ကျောင်းသူ ၃၈ ယောက်ကိုလည်း ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ဆရာတို့ဘက်က သဘောထားလေးကို သိချင်ပါတယ်ခင်ဗျာ။

ဖြေ- အဲ့ဒီကိစ္စက ဒီလိုဗျ။ ဒီ ဗမာ့တပ်မတော်ဘက်ကနေပြီးတော့ ရွာတွေကို နေပြီးတော့ သူတို့ လက်နက်ကြီးတွေနဲ့ လှမ်းပြီးတော့ ပစ်တယ်။ဒီနောက်ပြီးတော့ နော်။ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၂၂၊ ၂၃ ကသူတို့ဒီ ဗုံးကြဲတိုက်ခိုက်တာ ရှိတယ်။ဆိုတော့ အဲ့ဒီမှာ ကင်းတလင်း ချောင်းတစ်လျှောက်က ရွာတွေပေါ့နော်။အဲ့ဒီ ရွာတွေက သူတို့ လက်နက်ကြီးထိမှန်တာရော။နောက် ဟယ်လီကော်ပတာ ပေါ်က အပစ်ခံရတာ တွေရှိတယ်။ ဆိုတော့ ရွာသားတွေက ကြောက်ပြီးတော့ သူတို့ ဘေးလွတ်ရာ တောတွေမှာ ခိုအောင်း နေကြတာတွေရှိတယ်။ တောထဲကို ထွက်ပြေးပြီးတော့ တောထဲမှာ သူတို့ ပုန်းနေတာ တွေရှိတယ်။ သူတို့ အဲ့ဒီနောက်ပိုင်းမှာ ဗမာရဲ့ စစ်ဗျူဟာက နေပြီးတော့ အဲ့ဒီအခြေစိုက်စခန်းက အမြှောက်တွေနဲ့ နေပြီးတော့ အဲ့ဒီရွာတွေကို လှမ်း ပြီးတော့ သူတို့ ပစ်ချင်တဲ့ အချိန်လှမ်းပစ်နေတယ်။ ရွာသားတွေက မနေရဲတော့ဘူး။ မနေရဲဘဲနဲ့ တောထဲ မှာပဲ ပုန်းအောင်းပြီးတော့ လှည့်ပတ် သွားလာ နေတယ်။ ဆိုတော့ အဲ့ဒီလူတွေကို ကျွန်တော်တို့ ရက္ခိုင့် တပ်မတော် စစ်ကြောင်းတွေနဲ့ တွေ့တဲ့အခါ ကျွန်တော်တို့က သူတို့ကို ဘေးကင်းလုံခြုံတဲ့ ဒီနယ်စပ် ဒေသကို ကူညီပြီးတော့ ဒါ ဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့တာပေါ့။ အဲ့လိုပဲ ကျွန်တော်တို့ ကူညီပေး ခဲ့တာ။ကျွန်တော်တို့က အဲ့လိုမျိုး အတင်းအကျပ် ခေါ်သွားတာမျိုးမဟုတ်ဘူးဗျ။ ဒါ ဗမာ့တပ်မတော် ဘက်က နေပြီးတော့ သူတို့ရဲ့ ဒီ ကျူးလွန်ထားတဲ့ အမှုတွေကို ဖုံးကွယ်ဖို့အတွက် မဟုတ်မဟပ် သတင်းတွေတင်နေတာလို့ ကျွန်တော်တို့ အဲ့လိုပဲ နားလည်တယ်ဗျ။

မေး-ဟုတ်ကဲ့၊အခုလောလောဆယ်မှာလေ။နောက်ထပ် နယ်စပ်မှာ ရွာသားတွေ ပိတ်မိနေတာ တွေရှိပါသလား။
ဖြေ-အဲ့ဒီမှာ ရွာပြိုသွားတာ အကုန်လုံး ၇ ရွာရှိတယ်ဗျ။ ရွာ ၇ ရွာကလူတွေဆိုတော့ အဲ့ဒီမှာ တချို့ လူတွေကတော့ နယ်စပ်ကို ရောက်ပြီ။ဆိုတော့ အဲ့ဒီအထဲ မှာ တချို့တောတွင်းမှာ ပိတ်မိနေသူတွေ လည်း ရှိသေးတယ်။အဲ့ဒီမှာ ကျန်နေတဲ့ လူတွေရဲ့ အနေအထားတော့ ကျွန်တော်လည်း မပြောနိုင် သေးဘူးဗျ။ ကျွန်တော်တို့ တပ်ဖွဲ့တွေကတော့ အဲ့ဒီ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ ကိုတွေ့လို့ရှိရင် ဒါဘေးကင်း လုံခြုံတဲ့နေရာကို ကျွန်တော်တို့ အတတ်နိုင်ဆုံးကူညီ ပို့ဆောင် ပေးတယ်။ အခုပို့ဆောင်ပေးတဲ့ အပြင် ကျွန်တော်တို့ စပြီး ကူညီပို့ဆောင်ပေးတဲ့သူတွေကိုလည်း လိုအပ်တဲ့ အဲ့ဒီ ရိက္ခာတို့၊နောက်ပြီးတော့ လမ်းမှာ စားဖို့ ဆန်တို့၊ ခြုံစရာ စောင်တွေ၊ ကျွန်တော်တို့ ဒါ အကောင်းဆုံးထောက်ပံ့ပေးပြီးတော့ သူတို့ကို ကူညီ ပေးလိုက်တာဖြစ်တယ်ဗျ။

မေး-ဟုတ်ကဲ့။အဲ့ဒီမှာလေ။ရွာ ၇ ရွာပြိုသွားတယ်ဆိုတော့ အဲ့ဒီ ရွာနာမည်လေးတွေ ပြောလို့ရပါသလား။
ဖြေ-ရွာနာမည်တွေကို ကျွန်တော်ရသလောက်တော့ ပြောလို့ရတယ်။ အဲ့ဒီ ကင်းတလင်းချောင်းဘေးက ၊ကင်းတလင်း ရွာရယ်၊နောက် ခမောင်းဝရယ်၊တခြားငါးရွာပေါ့ဗျာ။အဲ့ဒီမှာ နာမည်တွေ အကုန်ကို တော့မမှတ်မိတော့ဘူး။အကုန်လုံးက ရွာ ၇ ခုဗျ။ အဲ့ဒီရွာ ၇ ခုကို လက်နက်ကြီးထိပြီးတော့ ပြိုတာ။ အထူးသဖြင့်တော့ ရခိုင်ရွာတွေကို ဦးတည်ပြီးတော့ ဗမာစစ်တပ်ဘက်ကနေ လက်နက်ကြီး တွေနဲ့ ပစ်နေတာရှိတယ်။ ကျွန်တော်တို့ ထင်တာကတော့ လူမျိုးရေးအရ သူတို့ဘက်က နှိပ်ကွက်တာလို့ အဲ့လိုပဲ နားလည်မိတယ်ဗျ။

(ပြီး)

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular Right Now