ဝါတောင်စစ်ဘေးရှောင်စခန်းတွင် ဝမ်းရောဂါ ဖြစ်ပွားမှုရှိနေ

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဝါးတောင် စစ်ဘေးရှောင်စခန်းတွင် ဝမ်းရောဂါဖြစ်ပွားမှု ရှိနေကြောင်း သတင်းရရှိသည်။

စစ်ဘေးရှောင်ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်နေသူ ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး ( REC) မှ တာဝန်ရှိသူ ကိုဇော်ဇော်ထွန်းက “ ဝမ်းလျော၊ ဝမ်းပျက်ဖြစ်ဖြစ်နေပါတယ်။ လူနာ တစ်ချို့ကိုတော့ နီးစပ်ရာ ဆေးရုံများသို့ ပို့ဆောင်ထားရပါတယ်။ ပို့ဆောင်ထားရတာက ကျောက်တော်၊ အပေါက်ဝနဲ့ ယိုးတရုပ်ဆေးရုံတွေမှာလို့ သိရပါတယ်” ဟု ပြောကြားသည်။

စခန်းဖွင့်ချိန်မှ ယနေ့ထိ ဝမ်းလျော၊ ဝမ်းပျက်ဖြစ်ပွားခဲ့သော လူဦးရေမှာ ၇၀ ခန့်ရှိပြီး လက်ရှိ အချိန်တွင် စစ်ဘေးရှောင် ၂၀ ကျော်တွင် ရောဂါဖြစ်ပွားနေသည်ဟု သူက ပြောဆိုသည်။

ဝါးတောင်စခန်းတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနေသူ မြိုတိုင်းရင်းသူ မလှဦးက “ စခန်း ဖွင့်ကတည်းက ဖြစ်နေတာတို့ အများကြီးပါ။ ဒါပေမယ့် ကောင်းသွားတယ်။ ပြန်ဖြစ်တယ်။ တစ်ခါ နှစ်ခါ ဆေးရုံတက်ရတဲ့ လူတွေလည်း ရှိတယ်။ ဒီစခန်းထဲမှာ ကုသပေးနေတာလည်းရှိတယ်။ ဒီမှာ ကုသလို့ မကောင်းရင်တော့ ကျောက်တော်ဆေးရုံတို့၊ အပေါက်ဝ တိုက်နယ်ဆေးရုံတွေကို ပို့ဆောင်တာတွေလည်း ရှိနေပါတယ်”ဟု ပြောကြားသည်။

လက်ရှိအချိန်တွင် အစိုးရမှ ဆေးခန်းဖွင့်လှစ် ကုသပေးနေပြီး နေ့စဉ် လူနာစာရင်းမှာ ၃၀ ခန့် ရှိကြောင်း၊ ထိုအထဲတွင် ၀မ်းရောဂါ တစ်ခုတည်းမဟုတ်ဘဲ တစ်ခြားရောဂါ ဝေဒနာရှင်များလည်း ပါဝင်ကြောင်း သူမက ပြောဆိုသည်။

ယခုကဲ့သို့ ဖြစ်ပွားရခြင်းမှာ သောက်ရေမသန့်ရှင်းမှု၊ အိမ်သာသုံးစွဲပုံ စနစ်မကျမှု၊ ကျန်းမာရေး အသိဗဟုသုတ နည်းပါးမှုတို့ကြောင့် ဖြစ်ပွားနေရခြင်း ဖြစ်သည်ဟုဆိုသည်။

“ ICRC အဖွဲ့မှ ရေသန့်စနစ်သောက်ရေအိုးမျာ ဖြန့်ဝေပေးထားပါတယ်။ အိမ်သာတွေ ဆောက်လုပ်ပေးထားတာတွေလည်း ရှိပါတယ်။ စနစ်တကျ မသုံးစွဲတတ်ကြသေးတဲ့အပြင် ကျန်မားရေးဌာနက ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုပေးတာတို့၊ အသိပညာပေး ဟောပြောခြင်းတို့ လုပ်ဆောင်နေပါတယ်။ လက်တွေ့အသုံးချနိုင်မှု အားနည်းတဲ့ အတွက် ခုလို ဖြစ်ရတယ်လို့ ထင်ပါတယ်” ဟု ကိုဇော်ဇော်ထွန်းက ပြောဆိုသည်။

ဝါးတောင် စစ်ဘေးရှောင် စခန်းတွင် အိမ်ထောင်စု ၂၁၉ စု၊ ကျား ၆၁၆၊ မ ၅၇၄ ၊ စုစုပေါင်း လူဦးရေ ၁၁၉၀ ရှိကြောင်း သိရသည်။
“ အဖြစ်အများဆုံးရောဂါက ၀မ်းပျက်၊ ၀မ်းရှော ဖြစ်ပါတယ်။ ဒီစခန်းမှာ ဆေးခန်းတွေ ဖွင့်ထားပြီး ကျန်းမာရေး ၀န်ထမ်းတွေ နေ့တိုင်း လာရောက် ကုသပါတယ်။ ကလေးတွေ မွေးဖွားတဲ့ အခါမှာလည်း စခန်းမှာ မွေးဖွားတာရှိသလို စခန်းပြင်ပ ဆေးရုံတွေမှာ သွားရောက် မွေးဖွားတာလည်းရှိပါတယ်။့  လူများတဲ့ အခါ ကျန်းမာရေး အသိအားနည်းတဲ့ အတွက် ခုလို ၀မ်းရောဂါ ဖြစ်တယ်လို့ ထင်ပါတယ်။ အဓိကတော့ ကျန်းမာရေး ပညာပေး ဟောပြောမှုတွေ များများလုပ်ပြီး အသိပညာပေးဖို့ လိုအပ်ပါတယ်” ဟု မလှဦးက ပြောကြားသည်။

( စခန်းတွင်း ကျန်းမာရေးအသိပညာဟောပြောပွဲပြုလုပ်နေစဉ်/ ဓာတ်ပုံ- REC)

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular Right Now