မွန်နှင့်တနင်္သာရီတိုင်းမှလှေသမား၂ ဦးနှင့်အတူ မလေးရှားသွားသူ ၁၄ ဦး ရခိုင်ရေပြင်တွင် ဖမ်းမိ

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၉

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာ အနောက်ဘက်(၃)မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် စက်လှေတစ်စီးနှင့်အတူ မွန်နှင့်တနင်္သာရီတိုင်းမှလှေသမား၂ ဦး အပါအ၀င် မလေးရှားသို့ သွားရောက်သည့် အစ္စလာမ်ဘာသာဝင် ၁၄ ဦးကို ဖေဖော်ဝါရီ ၆ ရက်နေ့က ဖမ်းဆီးမိသည်ဟု သတင်းရရှိသည်။

ဖမ်းဆီးခံရသည့် လှေသမား ၂ ဦးမှာ ဝင်းဇော်(၄၂)နှစ်၊ (ဘ)ဦးစံငွေ၊ ရွှေဟင်္သာရပ်ကွက်၊ ကော့သောင်း မြို့နေသူနှင့် စိုးတင့်(ခ)စိုးဝင်း(၆၀)နှစ်၊ (ဘ)ဦးထွန်းဆိုင်၊ နှင်းပုလဲကျေးရွာ၊ ဘီးလင်းမြို့နေသူ ဖြစ်ကြောင်း မူခင်း သတင်းများကို ရေးသားဖော်ပြနေသည့် ရဲဇာနည်ပို့စ်တွင် သတင်းဖော်ပြသည်။

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ရက် ညနေ ၅ နာရီခွဲခန့်တွင် စစ်တွေမြို့နယ်၊ သဲချောင်းကျေးရွာ အနောက်ဘက်(၃)မိုင်ခန့်အကွာ ပင်လယ်ပြင်၌ စစ်ရေယာဉ်မှ လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာ ဖွယ်ရာစက်လှေ ၁ စီးအားတွေ့ရှိ၍ အချက်ပြခေါ်ယူရာ လာရောက်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေး သွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရကြောင်း၊ ဖမ်းဆီးစဉ် ၎င်း လှေသမား ၂ဦးနှင့် အတူ စက်လှေပေါ်တွင် ပါလာသည့် စစ်တွေမြို့နယ် ဒါးပိုင်ကျေးရွာနေ ကာမာ(၁၅)နှစ်၊ (ဖ)မာနစ် အပါအ၀င် အစ္စလာမ်ဘာသာဝင် ၁၄ ဦးကို ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

ဖမ်းဆီမိသည့် အထဲတွင် ကျား ၇၊ မ ၇ ဦး စုစုပေါင်း ၁၄ ဦးဖြစ်ပြီး တစ်ဦးလျှင် ကျပ်သိန်း ၃၀ ရယူ၍ မလေးရှား နိုင်ငံသို့ပို့ဆောင်ရန် တနင်္သာရီ ဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်မှ လှေပိုင်ရှင် ဦးငြိမ်း(၆၀)နှစ်နှင့် စစ်တွေမြို့၊ ခတင်ပိုက်ကျေးရွာနေ မောင်မောင်ခိုင်(၂၅)နှစ်၊ (ဘ)ဇော်မီဒိန်မှ ဆက်သွယ် စုဆောင်းကာ ရေချမ်းပြင်ဆိပ်ကမ်းအနီး၌ တင်ဆောင်ခဲ့ခြင်းဖြစ် ကြောင်း သတင်းတွင် ဖော်ပြသည်။

ယခုအခါ လှေပိုင်ရှင် ဦးငြိမ်းနှင့် လူပွဲစား မောင်မောင်ခိုင်တို့မှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း၊ ဖမ်းဆီးခံရသည့် စက်လှေသမား ၂ ဦးကို ဥပဒေနှင့်အညီ အမှုဖွင့်ဆောင်ရွက်လျက် ရှိပြီး အစ္စလာမ် ဘာသာဝင် ၁၄ ဦးကိုလည်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Most Popular Right Now